၂-နှစ်မျှအတွင်း အသက် ၁၅-နှစ် အရွယ်တွင် သဒ္ဒါ၊ သင်္ဂြိုလ်၊ အဘိဓမ္မာတို့ကို တတ်မြောက်ရကား ရှင်သာမဏေဘ၀ကို အလွန့်အလွန် လိုလားတောင်းတသဖြင့် တနေ့သောအခါ မိခင်ကြီးထံတွင် ကျွန်တော့်အား ရှင်သာမဏေပြုလျှင်ပြုပါ၊ မပြုလိုက ဘုန်းကြီးထံမှ သင်္ဃန်းတစ်စုံဖြင့် ရှင်သာမဏေ၀တ်တော့ မည်ဟူ၍ တင်းတင်းကြပ်ကြပ်ပင် ခွန့်ပန်တောင်းလေတော့သည်။
မှတ်သားသိလွယ်၊ တကြောင်းဝယ်တုံ
ပေါကြွယ်နည်းနာ၊ သိလိမ္မာသည့်
ပညာရှိများ၊ ရှိသည်ကြားမူ
မြေခြားဝေးခွါ၊ တရပ်မှာလည်း
သွားရှာတွေ့အောင်၊ ကျိုးရွက်ဆောင်၍
များမြောင်သုတ၊ ဆီးပူးကြလော့။
တမြို့တရွာသို့သွားပြီး မရှာမှီးဘဲ အတတ်ပညာ၌ထူးချွန်စွာ တတ်မြောက်ဖို့ခက်ခဲသည်။ သို့ကြောင့်ပင် ရှင်သမဏေအ၀တ်ဖြင့် တမြို့တရွာမှ ပညာရှိထံ နည်းခံရန် သွားလိုရကား အမြန်ပင်ရှင်ပြုရန် တောင်းဆိုခဲ့လေသည်။
မိခင်ကြီးမှာ ထိုအကြိမ်တွင်မနေနိုင်တော့ဘဲ “သားရယ် ဒီလိုတော့မလုပ်ပါနဲ့။
အမေတို့ အဖေတို့ဘဲ ရှင်ပြုပါရစေ၊ တနှစ်တာမျှဆိုင်းပါ။
အမေတို့ထုံးစံအတိုင်း သားကိုရှင်ပြုခဲ့သည်ရှိသော် ဆိုင်မှဝယ်သော သင်္ကန်းဖြင့် ရှင်မပြုကြ။
အမေတို့ကိုယ်တိုင် ၀ါဖတ်ဗိုင်းငင်ပြီး ရက်သောသင်္ကန်းနှင့်ပြုပါရစေ” ဟု ပြောသဖြင့် သားက သဘောတူညီပြီး ရှင်ပြုဖို့ရာ တစ်နှစ်ဆိုင်းလေသည်။
ပေါ်ထွန်းအောင်မှာ ထိုအချိန်မှစပြီး မိမိကျိတ်၍ ကြံစည်နေသော အကြံအစည်မှာ အောင်မြင်တော့မည်ဟု အထူးသလည် ၀မ်းမြေမာက်ဝမ်းသာ ဖြစ်ကြောင်း ညီကျော်ထွန်းအောင်ကို ဖွင့်ဟပြောဆိုလေသည်။
ဝမ်းသာရခြင်းကြောင်းမှာ ရှင်သာမဏေဘ၀သို့ရောက်လျှင် မိဘနှင့်မဆိုင်၍ ကိုယ်သွားလိုရာ လာလေရာသို့ သွားလာခွင့်ရှိရာ ဘယ်နည်းနှင့်မဆို ကာလကတ္နားသို့ ပညာသင်ရန် ရောက်တော့မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။
၁၆-နှစ်အ၀င်တွင် မိဘနှစ်ပါးတို့သည်လည်း သားနှစ်ယောက်ကို ၀မ်းမြောက်ဝမ်းသာပင် ရှင်အဖြစ်သို့ သွတ်သွင်လိုက်ကြလေတော့သည်။
ရှင်ဥတ္တမနှင့် ရှင်အရိယဟူ၍ ဆရာတော်ဘုရားက ဘွဲ့အမည် ချီးမြှင့်ပေးလိုက်သည်။
အင်းဝခေတ် ကောင်းစားစဉ်အခါက နိုင်ငံကျောင် ရှင်ဥတ္တမကျော် ပုဂ္ဂိုလ်ထူး၏ စိတ်နေစိတ်ထားနှင့်တကွ ပညာလိုလားပုံတူခြင်း၊ လုလ္လ၀ိရိယ ရှိခြင်းတို့ကို ထောက်ရှုပြီး ဆရာတော်ကြီးက ဤသို့သောဘွဲ့ကို ပေးလိုက်ခြင်းဖြစ်လေသည်။